ဒေးဗစ် လစ်ဗင်းစတုန်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ဒေးဗစ် လစ်ဗင်းစတုန်

လူဖြူတို့ မရောက်မပေါက်ဘူးသော အာဖရိကတိုက်၏ တောကြီးမြက်မည်းအတွင်းသို့ စွန့်စားသွားရောက်နေထိုင်ခဲ့သော သာသနာပြုသူရဲကောင်းကြီး ဒေးဗစ်လစ်ဗင်း စတုန်သည် ၁၈၁၃ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် စကော့တလန်နိုင်ငံ၊ လန်နတ်ရှိုင်ယာနယ်၊ ဗလန်တိုင်ယာရွာ၌ ဖွားမြင်သူ ဖြစ်လေသည်။ မိဘများမှာ ဆင်းရဲနွမ်းပါးသဖြင့် ၁ဝ နှစ်သားအရွယ်တွင် ဒေးဗစ်သည် ဇာတိရပ်ရွာရှိ purpleချည်စက်တစ်ခုသို့ ဝင်ရောက်အလုပ်လုပ်ခဲ့ရသော်လည်း သူ၏ မနေမနား လုံ့လထုတ်မှုကြောင့် ၂၃ နှစ်အရွယ်တွင် ဂလတ်စဂိုမြို့ရှိ အင်ဒါဆင်ကောလိပ်ကျောင်းသို့ တက်ရောက်ပညာသင်ကြား နိုင်ခဲ့လေသည်။ ဆေးပညာ၊ ဂရိစာပေနှင့် အယူဝါဒဆိုင်ရာ ဘာသာရပ်များကို သင်ယူပြီးနောက် ၁၈၃၈ ခုနှစ်တွင် လန်ဒန်မြို့သို့ သွားရောက်ကာ လန်ဒန်သာသနာပြုအသင်းကြီးသို့ ဝင်လေသည်။ ထိုနောက် ဂလတ်စဂိုမြို့သို့ ပြန်လာကာ ၁၈၄ဝ ပြည့်နှစ်တွင် ဆေးပညာဘွဲ့ကို ရယူခဲ့၏။ လစ်ဗင်းစတုန်သည် တရုတ်နိုင်ငံဘက်သို့သွားလိုသော အာသီသ ရှိခဲ့သည်။ သို့ရာတွင် လန်ဒန်သာသနာပြုအသင်းကြီးက သူ့အား အာဖရိကတိုက်သို့ စေလွှတ်ခဲ့လေသည်။ ထိုအချိန်က သူသွားရမည့်နေရာမှာ လူတို့မရောက်မပေါက်ဘူးသေးချေ။ သို့ရာတွင် လစ်ဗင်းစတုန်သည် ထိုအခါက အာဖရိကကမ်းခြေတစ်လျှောက်၌ တွင်ကျယ်လျက်ရှိသော ဆိုးရွားကြမ်းကြုတ်လှသည့် ကျွန်းကုန်ကူးခြင်းအလေ့ကို တားဆီးပိတ်ပင်လိုစိတ်ကြောင့် တစ်ကြောင်း၊ အာဖရိကတိုင်းရင်းသား လူရိုင်းများအား ခရစ်ယာန် အယူဝါဒကို လက်ခံစေလို၍ တစ်ကြောင်းကြောင့် အာဖရိကတိုက်သို့သွားရန် သဘောတူခဲ့ပြီးလျှင် ၁၈၄ဝ ပြည့်နှစ်၊ ဒီဇင်္ဘာလ ၈ ရက်နေ့တွင် အင်္ဂလန်ကမ်းခြေမှ ထွက်ခွာခဲ့လေသည်။


သူသည်ရှေးဦးစွာ လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ခန့်က ဗက်ချူအား နားလန်းနယ်တွင် ရောဗတ်မော့ဖတ်ဆိုသူ ဖွင့်လှစ်ထားခဲ့သော ကူရူမန်သာသနာပြုစခန်းသို့သွားရ၍ ထိုမှတစ်ဆင့် အာဖရိကတိုက်အတွင်းဘက်သို့ စူးစမ်းရှာဖွေရင်း ခရီးဆက်လက်ထွက်ခဲ့လေသည်။ လစ်ဗင်းစတုန်သည် ကိုးနှစ်လုံးလုံး ဗက်ချုအားနာလန်းနယ်အတွင်း တစ်နေရာမှ တစ်နေရာသို့ စူးစမ်းရှာဖွေသွားလာရင်း သာသနာပြုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခဲ့သည်။ ယင်းသို့နေစဉ် တစ်ခါသော် ခြင်္သေ့အကိုက်ခံရသဖြင့် ဒဏ်ရာပြင်းစွာရခဲ့သေး၏။ ထိုအချိန်အတွင်းမှာပင် ကူရူမန်သာသနာပြုစခန်းကို ဖွင့်လှစ်ခဲ့သူသာသနာပြု ဆရာကြီးမော့ဖတ်၏ သမီး မေရီမော့ဖတ်နှင့် လက်ထပ်ခဲ့ပြီးလျှင် မာဗွတ်ဆာအရပ်တွင် အခြေစိုက်ကာ အတန်ကြာနေထိုင်ခဲ့သည်။ ထိုအရပ်တွင် သူ၏ သာသနာပြုလုပ်ငန်းများမှာ များစွာအောင်မြင်ခဲ့ရုံမက သနားကြင်နာစွာ ဆက်ဆံမှုကြောင့် တိုင်းရင်းသားအားလုံးကပင် ချစ်ခင်ကြည်ညိုကြ၏။ သို့ရာတွင် လစ်ဗင်းစတုန်မှာ ဗီဇကပင် စူးစမ်းရှာဖွေ ခရီးထွက်လိုသော စိတ်ဓာတ်ပါခဲ့သူဖြစ်သဖြင့် လူသူမရောက်မပေါက်သေးသော ကျယ်ပြောလှသည့် အာဖရိကတော ကြီးမြက်မည်းအတွင်း လှည့်လည်သွားလာရန် အမြဲကြံစည်စိတ်ကူးခဲ့လေည်။ ၁၈၄၆ ခုနှစ်တွင် မာဗွတ်ဆာမှ ထွက်၍မြောက်ဖက်မိုင် ၄ဝ ကွာရှိ ခုန်နွမ်းအရပ်သို့ ရွှေ့ပြောင်းခဲ့၏။ ထိုအရပ်တွင် တစ်နှစ်မျှနေပြီးနောက် အနောက်ဘက် မိုင် ၄ဝ အကွာရှိ ကိုလိုဗင်းအရပ်သို့ရွှေ့ပြောင်း၍ နေထိုင်ခဲ့ပြန်၏။ သူသွားရာအရပ်သို့ တိုင်းရင်းသားများစွာတို့လည်း လိုက်ပါနေထိုင်ကြလေသည်။


သူတို့ ရောက်ရှိနေသောနေရာမှ မြောက်ဘက်ဝေးလံလှစွာသောနေရာတွင် ရေအိုင်ကြီးတစ်အိုင်ရှိကြောင်း တိုင်းရင်းသားများထံမှ ကြားသိရကတည်းက လစ်ဗင်းစတုန်သည် ထိုရေအိုင်ကြီးဆီသို့ အရောက်သွားရန် ဆုံးဖြတ်၍ တစ်နေရာမှ တစ်နေရာသို့ စူးစမ်းရှာဖွေရင်း ခရီးထွက်ခဲ့ကြရာ ၁၈၄၉ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ငါမီရေအိုင်သို့ ရောက်ခဲ့လေသည်။ (သူနှင့်အတူ အင်္ဂလိပ်လူမျိုး အော့စဝဲနှင့် မန်ဂိုးမာရေးဆိုသူတို့ ပါ၏။) ထိုမှတစ်ဆင့် ဆက်လက်ကာ ခရီးထွက်ခဲ့ပြန်ရာ လူဖြူတို့မရောက်ဖူးသေးသော နေရာများစွာတို့ကို တွေ့ရှိခဲ့ပြီးနောက် ၁၈၅၂ ခုနှစ်တွင် ကိပ်တောင်းမြို့သို့ ချောမောစွာဆိုက်ရောက်ခဲ့လေသည်။ ကိပ်တောင်းမြို့မှတစ်ဆင့် သူ၏ဇနီးကို အင်္ဂလန်ပြည်သို့ပြန်ပို့ပြီးလျှင် အာဖရိကတိုက်အတွင်းဘက်သို့ ခရီးဆက်၍ထွက်ခဲ့ပြန်သည်။ ရောက်ရာအရပ်တွင် သူ့အားတိုင်းရင်းသားများက ကြည်ဖြူစွာလက်ခံကြသဖြင့် သူ၏လုပ်ငန်းမှာ တောက်လျှောက် အောင်မြင်သည်ချည်းဖြစ်၏။ သာသနာပြုစခန်းလုပ်ရန်အတွက် ကျန်းမာရေးနှင့် သင့်လျော်သော နေရာအနှံ့အပြား ရှာဖွေရွေးချယ်ရာတွင် စက်စီယင်ခေါ် အာဖရိကယင်ကောင်များမှ ကင်းလွတ် ရာကိုမတွေ့သဖြင့် နောက်ဆုံးတွင် အရှေ့ဘက်ကမ်းခြေသို့လည်းကောင်း၊ အနောက်ဘက်ကမ်းခြေသို့လည်းကောင်း သွားလာပေါက်ရောက်နိုင်မည့်လမ်းကို ရှာဖွေရလေတော့သည်။


၁၈၅၄ ခုနှစ်၊ မေလတွင် လစ်ဗင်းစတုန်သည် အဖျားရောဂါဖိစီးလျက် ငတ်ပြတ်လုမတတ်ဖြစ်ပြီးမှ လိုအန်ဒါသို့ရောက်ခဲ့၏။ (လိုအန်ဒါမှနေ၍ သူ၏ ခရီးထွက်မှတ်တမ်းများကို အင်္ဂလန်ပြည်ရှိ တော်ဝင်ပထဝီဝင်အသင်းကြီးသို့ ပေးပို့ခဲ့ရာ ၁၈၅၅ ခုနှစ်တွင် ဆုတံဆိပ်များ ချီးမြှင့်ခြင်း ခံရလေသည်။) လိုအင်ဒါတွင် လေးလခန့်နားပြီးလျှင် ဆက်လက်ခရီးထွက်ပြန်ရာ ၁၈၅၅ ခုနှစ်၊ ဇွန်လတွင် ဒီလိုလိုရေအိုင်ကြီးကို တွေ့ရှိရလေသည်။ ထိုနေရာမှတစ်ဖန် ရိက္ခာဖြည့်တင်းရန် လင်ယန်တေမြို့သို့ပြန်ကာ ဆက်လက်ခရီးထွက်ရာ ဇမ်ဗီဇီမြစ်ပေါ်ရှိ ကြီးမားသောရေတံခွန်ကြီးတစ်ခုကို တွေ့ရလေသည်။ ထိုရေတံခွန်ကြီးကို ဝိတိုရိယ ဘုရင်မကြီးအား ဂုဏ်ပြုသည့် အနေဖြင့် ဝိတိုရိယ ရေတံခွန်ကြီးဟု ခေါ်တွင်စေခဲ့၏။ ၁၈၅၆ ခုနှစ်တွင် လစ်ဗင်းစတုန်သည် အင်္ဂလန်ပြည်သို့ပြန်လာကာ အာဖရိကတိုက်တွင် သူနေခဲ့သော ၁၆ နှစ်တာအတွင်း တွေ့မြင်ခဲ့ရသမျှကို ကျမ်းတစ်စောင်ပြုကာ ပုံနှိပ်ထုတ်ဝေခဲ့လေသည်။


၁၈၅၈ ခုနှစ်တွင် လစ်ဗင်းစတုန်သည် အာဖရိကတိုက် အရှေ့ဘက်ကမ်းခြေနှင့် အလယ်ပိုင်းနယ်များဆိုင်ရာ ဗြိတိသျှကောင်စစ်ဝန်နှင့် အာဖရိကတိုက်အရှေ့ပိုင်းနှင့် အလယ်ပိုင်းသို့ လှည့်လည်စူးစမ်းရှာဖွေမည့် အဖွဲ့ခေါင်းဆောင်အဖြစ်ဖြင့် အာဖရိကတိုက်သို့ ရောက်ခဲ့ပြန်လေသည်။ဇမ်ဗီဇီမြစ်ဝမှ အာဖရိကမြေပေါ်သို့ တက်ခဲ့ပြီးလျှင် စူးစမ်းရှာဖွေရန် ခရီးထွက်ခဲ့ရာ ၁၈၉၅ ခုနှစ်၊ စက်တင်ဘာလတွင် နျာစာရေအိုင်ကြီးကို တွေ့ရှိရပြန်သည်။ ၁၈၆ဝ ပြည့်နှစ်အတွင်းက သူနှင့်အတူ လိုက်ပါလာသူတို့က ပြန်လိုကြသောကြောင့် ထိုသူများကို ပြန်ပို့နေရသည်နှင့် အချိန်ကုန်ခဲ့၏။


၁၈၆၂ ခုနှစ်၊ ဇန်နဝါရီလတွင်ကား လစ်ဗင်းစတုန်း၏ဇနီးနှင့် အမျိုးသားသာသနာပြုအဖွဲ့ဝင်များသည် ဇမ်ဗီဇီမြစ်ဝသို့ ရောက်လာကြလေသည်။ ထိုအဖွဲ့နှင့်အတူ ခရီးထွက်ခဲ့ရာ ဧပြီလ၊ ၂၇ ရက်နေ့၌ ရှူပန်ဂါမြို့သို့ အရောက်တွင် သူ၏ဇနီး အနိစ္စရောက်လေသည်။ သူနှင့်အတူပါလာသူများထဲမှ ညီတော်သူ ချားလစ်ဗင်းစတုန်မှာလည်း မကျန်းမမာဖြစ်သောကြောင့် ၁၈၆၃ ခုနှစ်တွင် အင်္ဂလန်ပြည်သို့ ပြန်ပို့လိုက်ရ၏။ ၁၈၆၄ ခုနှစ်တွင် လစ်ဗင်းစတုန်သည် အင်္ဂလန်ပြည်သို့ ပြန်ခဲ့လေသည်။ အမျိုးမျိုးသောအကြောင်းများကြောင့် အာဖရိကတိုက်သို့ ပြန်သွားရန်မရည်ရွယ်တော့သော်လည်း သူခရီးလှည့်လည်သွားလာ စူးစမ်းရှာဖွေခြင်းဖြင့် ရရှိသောအကျိုးထူးများကို သိမြင်သူများက ငွေကြေးအလုံအလောက်ထောက်ပံ့ကာ လစ်ဗင်းစတုန်အား အာဖရိကတိုက်အတွင်း စူးစမ်းရှာဖွေရန် စေလွှတ်ကြပြန်လေသည်။


လစ်ဗင်းစတုန်သည် သူမတွေ့ခဲ့သေးသော နိုင်းမြစ်ဖျားကိုရှာဖွေရန် အာသီသကလည်းရှိသဖြင့် ထိုသို့စေလွှတ်သည်ကို သဘောတူကာ ၁၈၆၆ ခုနှစ်တွင် တတိယအကြိမ် အာဖရိကတိုက်သို့ ရောက်ခဲ့ပြန်လေသည်။ ဤအကြိမ်တွင် လစ်ဗင်းစတုန်သည် ရိုဗူးမာမြစ်ဝမှ တန်ဂန်ယီးက ရေအိုင်ကြီးဒေသ၏ မြောက်ဘက်ပိုင်းသို့ ခရီးတစ်ထောက်ပြီးတစ်ထောက် ဆက်၍ထွက်ခဲ့ရာ နောက်ဆုံးတွင် နှစ်ပေါင်းအတော်ကြာမျှ သူ၏သတင်းကို မကြားရဘဲ နေခဲ့လေသည်။ ထိုအခါအချို့က လစ်ဗင်းစတုန် သေဆုံးပြီဟူ၍လည်းကောင်း၊ အချို့က အာဖရိကအလယ်ပိုင်းတွင် အသက်ရှင်လျက်ရှိနေသေးသည်ဟူ၍ လည်းကောင်း အမျိုးမျိုး ပြောဆိုရေးသားခဲ့ကြလေသည်။ အမေရိကန်ပြည်ထောင်စု၊ နယူးယော့ဟာရယ် သတင်းစာကမူ လစ်ဗင်းစတုန် မသေသေးကြောင်း ရေးသားဖော်ပြခဲ့ရုံသာမက ခိုင်မာသော သက်သေခံ အထောက်အထားများရရှိစေရန် အိပ်အမ်စတန်လေဆိုသူအား ငွေကြေးအမြောက် အများ အကုန်အကျခံကာ အာဖရိကတိုက်သို့စေလွှတ်၍ လစ်ဗင်းစတုန်အား တွေ့အောင် အရှာခိုင်းခဲ့လေသည်။


စတန်လေလည်း အာဖရိကတိုက်အတွင်းပိုင်းသို့ ခက်ခက်ခဲခဲနှင့် စွန့်စားကာ သွားရောက်ပြီးလျှင် ရှာဖွေခဲ့ရာ နောက်ဆုံး၌ လစ်ဗင်းစတုန်ကို အူးဂျီးဂျီးတွင် တွေ့ခဲ့လေသည်။ လစ်ဗင်းစတုန်နှင့် စတန်လေတို့သည် တန်ဂန်ယီးက ရေအိုင်ကြီး၏ မြောက်ဘက်ဖျားသို့ စူးစမ်းရှာဖွေသွားရောက်ခဲ့ကြသေး၏။ စတန်လေသည် လစ်ဗင်းစတုန်အား အင်္ဂလန်ပြည်သို့ပြန်ရန် ပြောသော်လည်း မရသဖြင့် လစ်ဗင်းစတုန်မသေကြောင်း ခိုင်လုံသော အထောက် အထားများကိုယူ၍ လစ်ဗင်းစတုန်အားလည်း ရိက္ခာနှင့် ပစ္စည်းများ လုံလောက်အောင် ပေးခဲ့ပြီးလျှင် ၁၈၇၂ ခုနှစ်တွင် အာဖရိကတိုက်မှ ပြန်သွားလေသည်။ ထိုအချိန်တွင် လစ်ဗင်းစတုန်မှာ အသက် ၆ဝ မျှရှိပြီဖြစ်၍ ကောင်းစွာလည်း မကျန်းမာတော့ချေ။ သို့ရာတွင် သူ၏ရည်မှန်းချက် မပြည့်ဝသေးသဖြင့် တစ်ကိုယ်တည်း ဆက်လက်ခရီးထွက်ခဲ့ရာ ၁၈၇၃ ခုနှစ်ထဲသို့ရောက်လျှင် သူ၏ကျန်းမာရေးအခြေအနေမှာ သိသိသာသာ ဆုတ် ယုတ်လာခဲ့ပြီးလျှင် ဗန်ဂွီးလူးရေအိုင်သို့ ရောက်သည့်အခါတွင်ကား အဖျားရောဂါဖိစီးလာခဲ့လေသည်။ ထိုနေရာ၌ပင် ၁၈၇၃ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် အာဖရိကလူမျိုးတို့၏ဖခင်ကြီး လစ်ဗင်းစတုန် ကွယ်လွန်လေသည်။ သူ၏အလောင်းကို သူ၏ အာဖရိကတိုင်းရင်းသား တပည့်များက မပုပ်မသိုးအောင်စီမံ၍ ကမ်းခြေအရောက် ထမ်းယူခဲ့ကြလေသည်။ ထိုမှတစ်ဆင့် အင်္ဂလန်ပြည်သို့ယူဆောင်ကာ ဝက်စမင်စတာ ဘုရားရှိခိုးကျောင်းကြီး အတွင်း၌ ခမ်းနားစွာဂုဏ်ပြု၍ မြှုပ်နှံထားကြလေသည်။[၁]

ကိုးကား

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)